Sunday, May 25, 2014

"အနီးက လမင်းလေး"




မနက်တိုင်း မနက်တိုင်း ရုံးသွားရင်း သမီးကို တစ်ခါတည်းခေါ်ပြီး ကျောင်းပို့တာ ကျွန်တော့်တာဝန်ပါ။ အရင်က ကျောင်းရှေ့ပလက်ဖောင်းဘေးမှာကားရပ်ပြီး သမီးကို ကျောင်းပေါက်အထိ ပို့လေ့ရှိတယ်။ နောက်ပိုင်းတော့ ကိုယ့်အားကိုယ်ကိုးချင်စိတ်လေး ပျိုးထောင်ပေးချင်လို့ ကျောင်းပေါက်ထိလိုက်မပို့တော့ဘူး။ ကားရပ်ပြီးတာနဲ့ ကိုယ့်ဟာကိုယ်သွားခိုင်းတယ်။ ခဏစောင့်ကြည့်တယ်။ နောက်ပိုင်း ကျင့်သားရလာတဲ့အခါ စောင့်မကြည့်တော့ဘူး။ သူကားပေါ်ဆင်းပြီးတာနဲ့ ကိုယ်လည်းတာ့တာပြ၊ ကားမောင်းထွက်တော့တာပဲ။

ဒီမနက်တော့ သမီးလေးကားပေါ်ကလည်းဆင်းချိန်မှာ FM က ကိုငှက်ရဲ့ "သမီးလေးသာဖန်ဆင်းပေး နိုင်ခဲ့တာ" ဆိုတဲ့ သီချင်းလေးလွှင့်ချိန်နဲ့ တည့်တည့်တိုးတယ်။ ထွက်မလို့ ကားစက်နှိုးပြီးကာကျမှ ယောင်ယမ်းပြီးစက်ကိုပြန်ပိတ်လိုက်မိတယ်။ ကိုငှက်သီချင်းလေးကို လိုက်ဆိုရင်း ထမင်းချိုင့်တစ်ဘက်၊ ပုသိမ်ထီးတစ်ဘက်၊ ကျောပိုးအိတ်လေးလွယ်လို့ ကျောင်းပေါက်ဆီလှမ်းသွားတဲ့ သမီးလေးကို လိုက်ကြည့်မိတယ်။ မြင်ကွင်းကဆုံးသွားတဲ့အထိပါပဲ။

ရင်ထဲမှာကြည်နူးလိုက်တာ။ တစ်ခါမှသတိထားပြီး မခံစားခဲ့မိဘူး။

ဘာလို့ဆို....မနက်ဆို ကိုယ်လည်းလူးလဲထ၊ သမီးကိုနှိုး၊ သားအဖနှစ်ယောက် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်၊ ယူနီဖောင်းကိုယ်စီလဲကြတယ်။ သမီးလေးက ကြက်တောင်စည်းလေး၊ ပါးကွက်ကြားလေးနဲ့။ ပြီးရင် ဇနီးသည်ပြင်ပေးထားတဲ့ မနက်စာစားပြီးတာနဲ့ ထွက်လာ။ သမီးကိုကျောင်းပို့၊ ကျွန်တော်က ရုံးဆက်သွား။ ညနေကျတော့ ရုံးဆင်းချိန်နောက်ကျတဲ့ကျွန်တော် အိမ်ပြန်ရောက်ချိန်မှာ သမီးကအိပ်နေပြီ၊ ဒါမှမဟုတ် အိမ်စာတွေနဲ့ ရှုတ်နေပြီ။ ဒီကြားထဲမှာ ကျူရှင်ဆိုတာတွေနဲ့ သူမလေး နှစ်ပါးသွားရသေးသမို့လား။ ပင်ပန်းလွန်းပါပေတယ်။

ဒီလှုပ်ရှားမှုက နေ့စဉ်အသားကျနေတယ်။ ပြန်တွက်ကြည့်လိုက်ရင် သားအဖ အတူတူနီးနီးကပ်ကပ် နေရတာရှားတယ်။ တစ်အိမ်တည်းနေပြီး နေကောင်းလားမေးရတဲ့အဖြစ်တွေလို့ ကျွန်တော့်အဖေပြောဘူးတယ်။

ဆိုလေတော့ နီးနီးလေးနဲ့ ဝေးနေကြသလိုပါလားလို့ တွေးမိတယ်။ ခုဒီမနက်မှသာ သမီးကိုကျောင်းပို့ရင်း နောက်ကနေလိုက်ကြည့်ခဲ့မိတယ်။ ကိုငှက်ရဲ့ သီချင်းလေးကလည်း နောက်ခံတေးသွား လှလှလေးပါပဲ။ သိပ်ကြည်နူးဖို့ကောင်းတာပဲ။

ဒီနောက်တော့ ကျွန်တော်တို့ ငယ်ဘ၀ကိုပြန်စဉ်းစားမိတယ်။

ကျွန်တော်တို့ငယ်ငယ်က အိမ်ကနေကျောင်းအထိ ကိုယ့်ဟာကိုယ်လမ်းလျှောက်သွားရတယ်။ လမ်းမှာလည်း ဟိုကမြင်းကြောထ၊ ဒီကညော့နဲ့ အပေါင်းအသင်းတစ်စု ပြေးလွှားပျော်ပါးလို့။ နေ့လည်ကျောင်းဆင်းတော့လည်း လွယ်အိတ်ကို ကျောပိုးအိမ်လို လွယ်ပြီး အိမ်ပြန်ထမင်းစားတယ်။ အဲဒီအချိန်ဆို ရုံးခဏဆင်းပြီးထမင်းပြန်စားတဲ့ အဖေကလည်းရောက်နေပြီ။ နေ့လည်စာလေး လက်ဆုံစားဖြစ်ကြသေးတယ်။ ထမင်းစားပြီးရင် အဖေက တရေးတမောလှဲ။ ကျွန်တော်တို့ မောင်နှမတွေက ကျောင်းပြန်သွား။ ညနေကျတော့လည်း အိမ်ရောက်တာနဲ့ လွယ်အိတ်လေးချပြီး ဘော်လုံးကန်လိုက်သေး။ ပြီးရင် ရေချိုးရင်း အဖေစိုက်ထားတဲ့ စိုက်ခင်းလေးကို ရေလောင်း။ ပြီးတာနဲ့ အမေအသင့်ခူးထားတဲ့ညစာလေးကို မိသားစုလက်ဆုံ စားကြတယ်။

ညကျတော့ အဖေပြောပြတဲ့ ပုံပြင်လေးတွေနားထောင်၊ မင်္ဂလသုတ်တွေရွတ်ကြ၊ ဘုရားရှိခိုး၊ မိဘကန်တော့၊ အိပ်ယာဝင်။ အလွန်ချမ်းမြေ့တဲ့ ရစ်သန်မှန် မိသားစုတေးချင်းလေးပေါ့။

ဆိုလိုချင်တာက

မိသားစုတွေ့ဆုံချိန်မနည်းဘူးဆိုတာပါပဲ။

ခုလက်ရှိမှာတော့ ကလေးခမျာမှာလည်း ကျောင်းနဲ့ ကျူရှင်၊ စာအုပ်နဲ့ မခွာရ။ သူတို့မှာ ကစားချိန်ဆိုတာ ဘာမှန်းမသိဘူး။ မိဘတွေကလည်း မိုးလင်းမိုးချုပ် ပျားပန်းခတ် အလုပ်လုပ်။ ကိုယ်တိုင်သမုတ်ထားတာတော့ နေမင်းသားလို့။ နေထွက်ချိန်မှာ အလုပ်ကိုရောက်၊ နေ၀င်ချိန်မှ အလုပ်ဆင်း။ တွေ့ဆုံချိန်တွေအချိုးတွက်ကြည့်လိုက်ရင် နည်းလွန်းလှတယ်။ ဒီလိုနဲ့ ဒင်းတို့လေးတွေက တဖြည်းဖြည်း အရွယ်ရောက် အတောင်စုံခွဲခွာ။ အော်.....ခွဲခွာရမြဲ ဓမ္မတာပဲလေ လို့ ပြောကြရတော့တာပါပဲ။

လောလောဆယ်တော့ အနီးက လမင်းလေးဖြစ်တဲ့ သမီးလေးနားမှာ အချိန်များစွာပေးရင်း နေလိုက်ချင်ပါရဲ့ဗျာ။

(ကဖိုးသီ)
(၇-၂-၂၀၁၄/ ၁၀၅၀)

No comments:

Post a Comment