Monday, May 26, 2014

မြေမှုန်ကလေးတွေက ပြောပြနေတယ်

မြေကြီးပေါ် အတူ အိပ်ခဲ့ဖူးသူတွေမို့
ငါတို့ ခန္ဓာကိုယ်ပေါ်မှာ
မြေမှုန် ကလေးတွေတော့ ရှိတယ်။

မိုးရာသီဆိုရင် အိပ်မဲ့နေရာရွေး
သစ်ရွက်ခြောက်ကလေးတွေ ခင်းထားတဲ့မြေမှာ
ပလတ်စတစ် မြေခင်းလေးခြုံလို့
သံသယစိတ်ဝက်နဲ့ အိပ်ပျော်ခဲ့ရဖူးတယ်။

ဆောင်းနဲ့နွေဆိုရင်
အိပ်မဲ့မြေနေရာကလေးကို သံဆူးချွန်ကလေးနဲ့

ထိုးဆွ
စိတ်ချမှ အိပ်ကြရတာပေါ့ သူငယ်ချင်းရယ်။

တိုင်းပြည်ကြီး အေးချမ်းစေဖို့
ငါတို့ အသက်ကို ရင်းပြီး
သီချင်းတွေ ဆိုခဲ့ကြတယ်။
မြစ်ချောင်းလွင်ပြင်နဲ့ တောင်တန်းတွေ ဖြတ်ခဲ့တယ်။
အခက်အခဲတွေ ရှိပေမဲ့
ရင်ဆိုင်ခြင်းက မှတ်ကျောက်မို့
ငါတို့ရဲ့ မှတ်ကျောက်ဟာ
အခက်အခဲတွေ ဖြစ်ခဲ့ရတာပေါ့ သူငယ်ချင်းရယ်။

ကောင်းတူဆိုးဘက်ဆိုတဲ့
စကားလုံးထက်
သေတူရှင်ဖက်ဆိုတဲ့ စကားလုံးတွေပေါ်မှာ
ကြီးပျင်းခဲ့ကြတော့
တို့တွေရဲ့ စည်းလုံးမှုကို ဖြိုခွဲမယ်ဆိုရင်
တို့တွေလောက်တော့ ညီညွတ်ဖို့
လိုတာပေါ့ သူငယ်ချင်းရယ်။

မလွမ်းတတ်ရင် ရင်မခုန်ပါဖူး
သူငယ်ချင်းရေ။
ငါတို့တစ်တွေ

မြေကြီးပေါ် အတူအိပ်ခဲ့တယ်ဆိုတာ
မြေမှုန်ကလေးတွေက ပြောပြနေတယ်။

NyiNyiLwin
15/5/2014

No comments:

Post a Comment