Monday, May 26, 2014

အုန်း….ဂျိမ်း….ကလုန်း…..


“ကြယ်ဖြူရှိလား …ကြယ်ဖြူ…“

“ရှိပါတယ်….ညောင်ကိုင်းပါ…“

ထို့နောက် ရာမကြီး၏ အမိန့်ပေးသံ ကြားလိုက်ရသည်။
“ ကြယ်ဖြူ …ငါ့ဆီကို လာပြီး ၄၃ လုပ်ပါ…“ “ ရထား ၉၆ ပါ..“
ရာမကြီးထံ သွားတွေ့ရာ “ ဒီနေရာကို ဒီအချိန်မှာ လူအင်းအား ဘယ်လောက်နဲ့ ကြယ်ဖြူဦးစီးပြီး နယ်မြေရှင်းလင်းရေးသွား…“
“ဟုတ်ကဲ့“
တစ်ခွန်းထဲသော စကားပြောပြီး ပြန်လာခဲ့သည်။

ကြယ်ဖြူအနေဖြင့် တပ်ခွဲသို့ ပြန်လာပြီး တပ်ခွဲမှ တပ်စုမှူး၊ တပ်ခွဲ တကက ၊ တပ်စု တက တို့အားခေါ်ကာ တိုင်ပင် ဆွေးနွေးမှာကြားပြီး ၊ နောက်ချန်လူတွေက ဘယ်သူတွေ လိုက်လာရမယ့်သူတွေက ဘယ်သူတွေ ခွဲပြီး၊ လိုက်ပါမည့် ရဲဘော်များကို မှာတမ်းခြွေကာ ပွိုင့် ဘယ်သူ ၊ မိုင်းရှာစက် ဘယ်သူကိုင်နဲ့ ကိုယ်စီတာဝန် များပေးကာ စတင်လှုပ်ရှားမှုပြုရန်… အသင့်အနေအထားဖြင့် စောင့်စိုင်းနေခဲ့သည်။
တပ်စခန်းတွင် ကျန်ခဲ့မည့် တပ်စုမှူးနှင့် ရဲဘော်များအား လုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စများ မှာကြားနေစဉ် …
“ ကြယ်ဖြူ…ကြယ်ဖြူ…” ခေါ်သံကြားသဖြင့် “ညောင်ကိုင်းပါ” ပြောလိုက်သည်။

“ လှုပ်ရှားမှု မလုပ်ပါနဲ့ဦး ခဏစောင့်ပါ”
“ရထား ၉၆ ပါ”

တပ်ခွဲရှိ အရာရှိစစ်သည်များကို အာလပ သလာပပြောကြား ရှေးဟောင်းပုံတို ပတ်စများ၊ ဟာသများပြောရင်း အမိန့်နဲ့ ညွန်ကြားချက်အကြောင်း နားလည်သဘောပေါက်အောင် ချစ်ချစ်ခင်ခင် နောက်ပြောင်နေကြသည်။
ထိုအချိန်မှာဘဲ….
“ကြယ်ဖြူ ” အဆင်သင့် ဖြစ်ရင် ပြောထားသည့်အတိုင်း ဆက်လုပ်ရန် အမိန့်ပေးလာခဲ့၏။

ထုံးစံအတိုင်း ဟိုရဲဘော်…ဟိုဟာလုပ် ပွိုင့်သေချာသွား သေချာမိုင်းရှာ အမိန့်သံ ခက်ပြက်ပြက်နဲ့ အမိန့်ပေးလိုက်သည်။

ကြယ်ဖြူအနေဖြင့် နယ်မြေရှင်းလင်းရေး လှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ငါးမိုင်ခန့် လမ်းလျှောက်နေစဉ် မိုင်းရှာစက် အော်သံကြားလိုက်ရတော့သည်။
“ ကြယ်ဖြူ …ကြယ်ဖြူ…”
“ ပုလဲ” (ပြောပါ)

“မာလာ” မှို ထင်တယ်… အေး “ ရထား”
လုံခြုံရေး အထူးဂရုစိုက်ပြီး ပွိုင့်သေချာ ကြည့်ထား မိုင်းကို ဖော်ဖို့ အမိန့်ပေးလိုက်သည်။

ကြယ်ဖြူအနေဖြင့် အနီးကပ်ကြီးကြပ်နိုင်ရန် မိုင်းရှိရာသို့ ကျော်တက်ပြီး သွားရောက်ကြည့်ရှု့ခဲ့ရာ မိုင်းတူးဖော်ရရှိခဲ့သည်။ မိုင်းကိုကြည့်လိုက်တော့ ဝါးနဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးဖြစ်သည်။

ထပ်မံပြီး ခရီးဆက်လက်ထွက်ခွာ ခဲ့ရာ “ကြယ်ဖြူ…ကြယ်ဖြူ” ခေါ်လာပြန်သည်…

“ပုလဲပါ”

ထူးခြားမှုတော့ ရှိနေပြီဆိုတာ စဉ်းစားရင်း ဆက်ပြောမယ့် စကားကို စောင့်နေရင်း…

“နောက်ထပ် မာလာ (မှို ) တစ်လုံး ထင်တယ် ”
“ အေး…အေး..”
“ ငါ့တပြည့်တွေ တော်တော်ကို တော်တယ်ကွာ ပွိုင့်တပ်စိတ်အပါအဝင် မိုင်းရှာစက် ကိုင်တဲ့ တပ်ကြပ်ကိုပါ ဆုချမယ်ကွာ” ဆိုပြီး အားလုံးသိအောင်ပြောလိုက်တော့သည်
မိုင်းအား တူးဖော်ရာ မိုင်းတစ်လုံး ထပ်မံရှိခဲ့သဖြင့် စုစုပေါင်း မိုင်းနှစ်လုံး တူးဖော်ရှိကြောင်း ရာမကြီး (ရင်းမှူး) ထံ သတင်းပို့လိုက်သည်။
“ ရထားပါ…” ဟု ပြောသောအသံမှာကို အားရကျေနပ်ပိတိသံဖြင့် ပြောနေသည့် ရာမကြီး၏ ဂုဏ်ယူမှုကို ကျွန်တော်ကိုယ်တိုင် ကျေနပ်နေမိတော့သည်။

နောက်ဆုံးရည်မှန်းချက်ကို မရောက်သေးသဖြင့် ဆက်လက် လှုပ်ရှား ခရီးထွက်ခွာခဲ့သည်။

တီ…တီ….တီ…တူ…
မိုင်းရှာစက်ရဲ့ အော်မြည်သံ ထပ်မံထွက်ပေါ်လာပြန်သည်…။ ကြယ်ဖြူစိတ်ထဲတွင် ပေါလိုက်တဲ့မိုင်း နည်းနည်းတော့ ခြောက်လှန့်စိတ်တွေ ဝင်လာမိပြီး…မိုင်းရှာစက်များ ပျက်ခဲ့ရင်တော့ ဒုက္ခပဲတွေးရင်း အသံမြည်နေတဲ့နေရာကို တူးဖော်လိုက်တော့ဟု အမိန့်ပေးလိုက်သည်။

မိုင်းရှာတဲ့ ရဲဘော်မှ တူးဖော်ရှာဖွေလိုက်ရာ ဒီတခါတော့ မိုင်းမဟုတ်ပဲ ကျည်ခွံဖြစ်နေတော့သည်။

“အမလေးကွာ ” တော်သေးတာပေါ့ဟု ဘေးမှ ကြယ်ဖြူ တပြည့်ကျော် ရဲဘော်မှ ရေရွတ်လိုက်တဲ့ အသံ ကြားလိုက်ရသည်။

ကြယ်ဖြူကတော့ ပြုံးပြနိုင်ခဲ့သော်လည်း စိတ်ထဲမှာတော့ ဒါကမကောင်းဘူး မိုင်းရှာတာ ကျည်ခွံတွေ့တယ်ဆိုတော့ မိုင်းရှာတဲ့ ရဲဘော်ထင်ရောင် ထင်မှားနဲ့ ကျည်ခွံလည်း ဖြစ်နိုင်တယ် မိုင်းလည်း ဖြစ်နိုင်တယ် အတွေးတွေ ဝင်လာပြီး ပေါ့ဆမှုတွေ ဖြစ်လာနိုင်တယ်…ကွာ…မိုင်းရှာစက်ဆိုတာကလည်း ရွှေ၊ သတ္တု နဲ့ ဆက်စပ်ပစ္စည်းရှာဖွေရေးစက်လို့ တွေးနေရင်း

“ ဂရုစိုက်ကြကွာ” “ဂရုစိုက်ကြကွာ” ထပ်တလဲလဲပြောရင်း ဆက်လက် ခရီးထွက်ခွာခဲ့သည်။

ကြယ်ဖြူတို့ တပ်ခွဲ ခရီးနှင် ထွက်ခွာရာလမ်းတလျှောက် တတီ..တီ အော်သံတွေကိုသာ နားထဲကြားရောင်ရင်း ထပ်မံမြည်နေသည့် နေရာတွေကို တူးဖော်ခြင်းမပြုတော့ဘဲ သစ်ရွက်များသာ အုပ်ထားရန် အမိန့်ပေးကာ သစ်ရွက်အုပ်ထားသည့်နေရာများကို ကျော်ခွပြီး ခရီးထွက်ခွာခဲ့ကြလေတော့သည်။

ကြယ်ဖြူတို့ တပ်ရင်းရဲ့ အမင်္ဂလာအချိန်ကတော့ ၁၂း၃၀ နာရီမှ ၁၃း၃၀ နာရီ ဖြစ်တဲ့အတွက် ဒီအချိန်တွေတော့ ကျော်လာခဲ့ပြီဟု လက်ကနာရီကို ကြည့်နေမိလိုက်သည်။

ရည်မှန်းချက်ပန်းတိုင်ရောက်ခါနီးလေ သတိထားလေ ဆိုသလိုဘဲ ပေါ့ဆမှုမရှိစေရေး ၊ လုံခြုံရေး ဘေး ဘယ် ညာ သေချာ ဂရုစိုက်ရန် မှာကြားရင်း …..

“ အုန်း… ဂျိမ်း…ကလုန်း ”

အဲ့မှာစတွေ့တော့တာဘဲဗျာ…….

နှစ်ပေလောက်မြောက်ပြီး ခြောက်ပေလောက် လွင့်စင်ကျသွားသည်…။

“ မာလာ ” ဆိုတဲ့ မိုင်းနဲ့ တည့်တည့်တိုးတော့တာဘဲ….။

မိုင်းနင်းစက နာတာတွေ ဘာတွေ မရှိသေးသဖြင့် လက်နက်ကြီးကျတယ်မှတ်ပြီး သေနပ်ကို စေ့ဖွင့်ပြီး နေရာယူလိုက်သေးသည်။နောက်မှ ကြည့်လိုက်တော့ ဝတ်ထားတဲ့ ဘောင်းဘီက ကပ်ကြေးနဲ့ ထိုးခွဲထားသလို ကြယ်ဖြူရဲ့ ဘယ်ဘက်ခြေခြင်းဝတ်မရှိတော့။

မှိုစားသူ(မိုင်းနင်းသူ) မှာ ကြယ်ဖြူကိုယ်တိုင် ဖြစ်လေတော့သည်…
အားလုံးကြောင်နေပြီး



“ ဗိုလ်ကြီး မိုင်းနင်းပြီ” အော်နေတဲ့ ရဲဘော်အား “ ဟဲ့ကောင်မအော်နဲ့ ” “ ဘေးဘယ်ညာ လုံခြုံရေး သေချာဂရုစိုက်ဟ” ဟု လှန်းပြောလိုက်သေးသည်။

ထိုနောက်မှာတော့ ဆက်သွယ်ရေးစက်တွေ ပလူပျံအောင် “ ကြယ်ဖြူ…ကြယ်ဖြူ….” အော်သံတွေ ကြားနေသော်လည်း ပြန်လည်ဖြေကြားနိုင်ခြင်းမရှိဘဲ…“ ၃၅…၃၅…” “ ခဏစောင့်…ခဏစောင့်..” ပြောကာ ကြယ်ဖြူ ခြေတောက်အား ထောင်ကြည့်လိုက်တော့သည်။

ကြယ်ဖြူ ဘယ်ဘက်ခြေတောက်တော့ ခြေခြင်းဝတ်အောက်ပိုင်း မရှိတော့ဘဲ ပူခနဲသာ ခံစားလိုက်ရပြီး တဖြေးဖြေး နာကျင်မှု ဝေဒနာကို ခံစားနေရသဖြင့် ဆေးတပ်ကြပ် ဆရာစန်းယုနဲ့ သူ့ရဲဘော်ရောက်လာပြီး ဆေးကြောမှုမျုးများဆောင်ရွက်ကြလေသည်…။
သူတို့အနေဖြင့် ကိုယ့်အရာရှိ မိုင်းနင်းတယ်ဆိုတော့ သွန်သင်ပြသထားတဲ့ သင်းခန်းစာတွေ မေ့လျော့ကာ ဇွတ်ဝင်ပြီး ဗိုလ်ကြီးကို မ ရွှေ့ရန် ပြင်ဆင်နေသဖြင့် နေဦး ဘေးပတ်ဝန်ကျင်အရင်ရှာ သေချာလာ ထပ်ဆင့်ပြီးမိုင်းတွေရှိတက်တယ်နော် ပါးစပ်မှ ရေရွတ်ရင်း “….အား…ဟား….နာလိုက်တာကွာ…. ” ခံစားနေရင်းစောင့်နေတော့သည်။

ကြယ်ဖြူ လည်း ဆုံးရှုံးသွားတဲ့ ဘယ်ခြေဘက်လေးကို လက်နှစ်ဘက်နဲ့ ဖစ်ညှစ်ရင်း စိတ်ထဲတွင်တော့ စိတ်မကောင်း နှစ်ခုဖြစ်ပေါ်နေတော့သည်။
တစ်ခုက “ အမေ တော်တော် စိတ်မကောင်းဖြစ်တော့မှာဘဲ”
မိဘဆိုတာကလည်း သားသမီးကို ဆင်စီးပြီး မြင်ရံတာပဲ မြင်ချင်တာလေ ဒါပေမဲ့

နောက်တစ်ခုက “ ကြယ်ဖြူရဲ့ ကျေးရွာ ” ဘဲ

ဒုတိယအချက်က ဘာလို့လဲဆိုတော့ ကြယ်ဖြူတို့ရွာမှာ ပြန်ထမ်းဝင်အရာရှိဆိုတာမရှိခဲ့ဘူးလေ ကြယ်ဖြူသာ ပြန်ထမ်းဝင်အရာရှိတစ်ဦးစတင်ဖြစ်လာရာ အကြီးအကဲကြီးကြီးမားမားတစ်ယောက်ဖြစ်ခဲ့ရင် ရွာအတွက် လိုအပ်တာတွေကို (ကျောင်း၊ ဆေးရုံ၊ လမ်း၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး) ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ အားလုံးမျှော်လင့်ခဲ့တာကြောင့်ပါဘဲ…

( ယခုမှာတော့ ပြန်ထမ်းဝင်အရာရှိလောင်း တစ်ယောက်တော့ သင်တန်းတက်နေလေပြီ သူကိုတော့ အားပေးရင်း ကြိုးစားဖို့ကို ပြောကာ ကယ်ဖြူ တက်နိုင်တဲ့ဘက်ကကူညီပေးဖို့ အဆင်သင့် ဆောင့်နေပါသည် ။ )

အဲလိုနဲ့ဘဲ….။

မိုင်းထိလူနာ ကြယ်ဖြူကို ဆေးကြောသန့်စင် ဆေးထဲ့နေစဉ်မှာဘဲ “ကြယ်ဖြူ” …. “ကြယ်ဖြူ” အဆက်မပြတ်အော်နေတော့သဖြင့် တပ်ခွဲ-တကကမှ ဆက်သွယ်ရေးစက်ကို ကိုင်ကာ မေးမြန်းချက်တွေကို ဖြေကြားနေတော့သည်။

မိုင်းနင်းတာ ဘယ်သူပါ …ဘယ်လောက်ထိတယ်…ဘယ်ဘက်ပါ…ဘယ်နေရာမှာ ဖြစ်တာပါ ပြောကြားနေစဉ်….

ထိုစကားသံတွေကြားမှာ ကြယ်ဖြူ ကြားလိုက်ရတဲ့ စကားတခွန်းထဲမှာ ကြယ်ဖြူ တော်တော် စိတ်မကောင်းဖြစ်သွားတဲ့ စကားတစ်ခွန်းပါလာတယ်….
အဲ့ဒီစကားကတော့ “မည်သူတွင် တာဝန်ရှိ သနည်း ” ဆိုတဲ့ မေးခွန်းပါဘဲ…

မိုင်းနင်းတာက ကြယ်ဖြူ …သွားတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် တပ်ခွဲမှူးကလည်း ကြယ်ဖြူ …
ဘယ်သူ့မှာ တာဝန်ရှိလဲမေးနေသဖြင့် ဆက်သွယ်ရေးစက်ကို ပေးစမ်းကွာ တောင်းပြီး

တာဝန်ရှိတာ

“ ကြယ်ဖြူပါ…ကြယ်ဖြူဘဲ…” “ ကြယ်ဖြူဘဲ” ထအော်လိုက်မိတော့သည်။

အထက်အရာရှိကြီးကို ပြန်လည်ပြီးဒေါသဖြင့်ပြောခြင်း တခါမှ မရှိခဲ့သော်လည်း မိုင်းထိလူနာတစ်ယောက်အနေဖြင့် ဒေါသထွက်မိမှာ မဟုတ်ပါလားဗျာ..။

……………….
<<<<< အဲ့ဒီနေ့လေး တစ်နေ့ကတော့ (၁၃. ၅. ၂၀၀၈) ရက်နေ့ပါဘဲ…>>>>>

မှတ်မှတ်ရရ ရှိနေခဲ့တာကတော့

(၂. ၅. ၂၀၀၈) ရက်နေ့မှာ နာဂစ်မုန်တိုင်းတိုက်ခက်တဲ့နေ့ …..။

( နိုင်ငံတော်က မုန်တိုင်းလာမည့်အကြောင်း အသိပေးခြင်းမရှိဘူးလို့ VOA နှင့် RFA မှ ပြောကြားသဖြင့် ဒီအသံလွင့်ဌာနများက အစီအစဉ်တွေကို ဘယ်တော့မှ နားမထောင်တော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ နေ့လေးတစ်နေ့ပါဘဲ.. ဘာကြောင့်လဲဆိုတော့ ခဏခဏ မြန်မာအသံ ရေဒီယိုမှ သတိပေး ကြေငြာလွန်းလို့ အဆိုတော် အာဇာနည်ရဲ့ “ ကိုယ်အနား ရှိစေချင်” သီချင်းလေး တောင် နားထောင်ရတာ Feel ပျက်တယ်… အခုထိ ကြယ်ဖြူ ဒိုင်ယာရီ စာအုပ်လေးထဲမှာ ရေးထား ကျန်နေဆဲ)

(၁၀. ၅. ၂၀၀၈) ရက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံတဲ့နေ့…။

( ဒီနေ့လည်း ဘယ်တော့မှ မမေ့ပါဘူး …။ ဘာကြောင့်လဲဆိုတော့ ရှေ့တန်းမှာရှိတဲ့ တပ်နဲ့ နောက်တန်းမှာ ရှိတဲ့ တပ် အချိန်းအပြောင်း ဆောင်ရွက်ရန် ရှိသော်လည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံပွဲ ရှိနေသဖြင့် နောက်တန်းမှ တပ် ချိန်းပြောင်း မလာနိုင်ခဲ့ဘဲ တပ်ပြောင်းချိန် နောက်ကျခဲ့ရတဲ့ အတွက်ကြောင့်ပါဘဲဗျာ)

(၁၃. ၅. ၂၀၀၈ ) ရက်နေ့ နေခင်း (၁၄း၂၃) နာရီမှာ ကြယ်ဖြူ မိုင်းနင်းခဲ့တဲ့နေ့ …။

ရင်ထဲဝမ်းနည်းမှု နှစ်ခု ဖြစ်ပေါ်ခဲ့တဲ့ နေ့လေးဖြစ်ခြင်းကြောင့် ဘယ်တော့မှလည်း မေ့နိုင်မယ် မထင်ပါဘူးဗျာ….။

သြော်……
…………..
ဘာလိုလိုနဲ့ (၆) နှစ်တောင်ပြည့်ခဲ့ပါပေါ့လား…..။

လူ့ဘဝမှာ ဘယ်ခြေတစ်ဘက်မရှိပဲ ခြေတုစီးတဲ့ဘဝနဲ့ ဆက်လက်ရုန်းကန်ခဲ့တာ “ မသန်ပေမဲ့ စွမ်းတယ်” ဆိုတဲ့ “ မသန်စွမ်းဘဝ ” နဲ့ လူဘောင် လူ့လောကကြီးကို ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်နိုင်ရေး အစဉ်ကြိုးစားသွားရင်း…………။
“ ဗိုလ်ကြီး ကြယ်ဖြူ”
---------------------။---------------------
(တချို့သော အကြောင်းအရာများအား ချန်ထားခဲ့ပါသည်…)

<<<<< ......................................................... >>>>>

မင်းမဟာ
(၁၃. ၅. ၂၀၁၄ အတွက်)

No comments:

Post a Comment