Monday, May 26, 2014

ဖန်ပြာခွက်နဲ့ကျောက်စက်ရေ


ကျွန်တော်တို့ တက္ကသိုလ်တက်စဉ်က မြန်မာစာကို ဆရာမကြီး ဒေါ်မြင့်မြင့်ရီသင်တယ်။ ဆရာဦးမင်းနိုင်သင်တယ်။ အင်မတန်အသင်အပြကောင်းတဲ့ ဆရာများထံပါး ပညာသင်ကြားခွင့်ရခဲ့ တာကို အမြဲဂုဏ်ယူနေမိပါတယ်။

ထူးတာကတော့ ဆရာမကြီး ဒေါ်မြင့်မြင့်ရီက "ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ၊ အမောပြေအောင် တိုက်ပါ့မမ" ဆိုတဲ့ကဗျာလေးကို နှစ်တိုင်းသင်ပေးတယ်။ ဟိုစဉ်ကျောင်းသားဘ၀မှာတုန်းကတော့ ဖတ်ကောင်း၊ ရွတ်ကောင်းတဲ့၊ ကျေးလက်အနံ့၊ စည်းလုံးမှုလေးတွေပါတဲ့၊ ရင်ကိုငြိမ့်ငြိမ့်လေးခံစားနိုင်စေတဲ့ ကဗျာလေးတစ်ပုဒ်အဖြစ်သာ မှတ်ယူခဲ့မိပါတယ်။ ဆရာမကြီးကလည်း သင်ကြားပေးရခြင်းရဲ့ အဓိပါယ်ကိုလည်း ပြောပြခဲ့ဘူးပါတယ်။

ဒါပေမယ့် ဒို့ဆရာမကြီးက ဘာဖြစ်လို့များ ဒီကဗျာကို လေးနှစ်လုံးသင်ပေးရတာလည်းလို့ မကြာ ခဏ စဉ်းစားကြည့်မိတယ်။ စဉ်းစားမှုကလည်း ခဏရယ်ပါ။ နောက်တော့လည်း မေ့မေ့ ပျောက်ပျောက်ထားမိပြန်ရော။ အဲသတိရပြန်တော့ ပြန်စဉ်းစားမိပြန်ရော။

နောက်ပိုင်းစာတိုပေစလေးတွေရေးတော့ ဆရာမကြီးရဲ့ ကဗျာလေးကိုပြေးမြင်တယ်။ ဆရာမကြီးရဲ့ စကားတွေ ကြားယောင်တယ်။ ဖန်ပြာခွက်လို ခိုင်မာတဲ့ကျောရိုးထဲကို ကျောက်စက်ရေလို အေးမြတဲ့အနှစ်သာရတွေထည့်လိုက်ရင် တစ်ဘက်သားရင်ကိုအေးမြစေမယ့် စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ဖြစ်စေနိုင်တယ်။ ဒီလိုလေး အတွေးအမြင်နဲ့ ရေးလာခဲ့မိတယ်။ စာလုံးပေါင်းနဲ့ သတ်ပုံ၊ ရေးထုံးနည်းနာတွေကို အလေးထား လေးစားလာတယ်။ တစ်ခါတစ်ရံ ရေးရမှာတောင် ကြောက်ကြောက်လာတယ်။ နောက်တော့လည်း သတ်မှတ်စည်းဘောင်တွေကို တတ်နိုင်သလောက်လေးသာပဲ လိုက်နာလာမိတယ်။ ကိုယ်က ၀ါသနာရှင်အဆင့်လောက်တောင်မှ တန်းဝင်တာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားလိုက်တယ်။ အဓိက ဂရုထားတာကတော့ ကိုယ့်စာတွေဟာ အဆိပ်တွေ ကင်းစေဖို့ပါပဲ။

ဖန်ပြာခွက်နဲ့ကျောက်စက်ရေကို ခံစားမိတာက ဒီမှာတင်မရပ်တော့ဘူး။ လုပ်ငန်းနယ်ပယ်ကိုပါ ချဲ့ထွင်ဝင်ရောက် ခံစားလာတယ်။ နိုင်ငံအတွက်၊ ပြည်သူအတွက်အလုပ်လုပ်တဲ့နေရာမှာ စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာမှုစတဲ့ တစ်ဦးချင်းစီရဲ့ ခံယူချက်တွေကောင်းဖို့လိုပါတယ်။ ဒါက တည်ကြည်တဲ့ဖန်ပြာခွက်။ ဒီဖန်ပြာခွက်ထဲကို

လုပ်အား၊ အသိဥာဏ်၊ ဗဟုသုတ၊ ကြိုးပမ်းမှု၊ ကျွမ်းကျင်မှုစတဲ့ အေးမြမြ ကျောက်စက်ရေလေးတွေသာ ဖြည့်လိုက်ရင် အများအတွက် တန်ဘိုးရှိမှာပေါ့။

နောက် အိမ်ထောင်ရေး။ တစ်ဦးနဲ့တစ်ဦး ရင်ချင်းအပ်လိုက်တဲ့နေ့က ဖန်ပြာခွက်တစ်ခွက် ဖြစ်လာတဲ့နေ့ပဲ။ ဒီထဲကို ရေသန့်သန့်ထည့်တာ၊ မသန့်တဲ့ရေထည့်မိတာ၊ အနည်ပါလာတာတွေ ကြောင့် အေးမြတဲ့ရေတစ်ခွက်ဖြစ်ဖို့ခက်လာတယ်။

ဒီမှာတင်ရပ်တန့်မနေပါ။ မိမိရဲ့ဘ၀ဆိုတဲ့ ပုံစံအမျိုးမျိုးသောဖန်ပြာခွက်ထဲကို တရားဓမ္မဆိုင်ရာ ကျောက်စက်ရေလေးတွေ လောင်းထည့်ဖို့လိုအပ်နေပါတယ်။ အပူမီးတွေငြိမ်းဖို့လိုလာပါတယ်။ ကြည့်လေရာရာမှာ ဖန်ပြာခွက်နဲ့ကျောက်စက်ရေ။

ဒီယူဆချက်လေးတွေကိုချစ်သူငယ်ချင်း သက်ဇော်ဦးနဲ့အတူ အရက်သောက်စဉ် မူးမူးနဲ့ပြောခဲ့ဘူးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပေါ့။ သူလည်း ဒါကိုပဲ အခါခါစဉ်းစားဘူးတဲ့အကြောင်း၊ ခုလို အမြင်ကိုသိလိုက်ရတော့ ၀မ်းသာမိကြောင်း၊ ဆရာမကြီးနဲ့ ဆုံဖြစ်ပါက ပြောပြမည်ဖြစ်ကြောင်း မူးမူးနဲ့ပြန်ပြောတယ်။ အော် ကျွန်တော်တို့ မသန့်ရှင်းတဲ့၊ အနည်တွေပါတဲ့ရေတွေ လောင်းထည့်ရင်း ပြောမိခဲ့ကြတယ်။ ခုဒီအကြောင်းလေးကို ရေးပါလားလို့ သူငယ်ချင်းကတိုက်တွန်းတဲ့အတွက် ရေးမိတာပါ။ ကျွန်တော့် ရေခွက်လေးကတော့ ပူနေဆဲပါ။

မိတ်ဆွေများအားလုံး၏ လက်ထဲမှာ ဖန်ပြာခွက်နဲ့ကျောက်စက်ရေ အေးအေးလေးပိုင်နိုင်စွာ ကိုင်ဆောင်ထားနိုင်ကြပါစေ။ ကိုယ့်ဝန်းကျင်ကို ဖြန့်ဝေတိုက်ကျွေးနိုင်ပါစေ။
မိမိ၏ အတွေးအမြင်ရှုထောင့်လေးကို တင်ပြခြင်းဖြင့် သင်/ မြင်/ ကြား ဆရာမှန်သမျှကို ဂါရ၀ပြုအပ်ပါသည်။

ဖန်ပြာခွက်နဲ့ကျောက်စက်ရေ
အမောပြေအောင် တိုက်နိုင်ကြပါစေ။

(၁၁-၁၁-၁၃/ ၁၆၃၅)
ကဖိုးသီ

No comments:

Post a Comment