Monday, May 26, 2014

ဆေးဘဲဥ

 ကျွန်တော့်နောင်တော်တစ်ဦးမျှဝေပေးလို့ ကြက်ဥပုတ်တစ်လုံးကြောင့် တွေးခေါ်မှုတွေပြောင်းလဲ သွားသူတစ်ယောက်အကြောင်း ဖတ်ခွင့်ရလိုက်တယ်။ ဥာဏ်အလင်းပွင့်သွားတဲ့သဘော။ ၀မ်းမြောက်မိပါတယ်။ ဒီလိုသာမန် အကြောင်းအရာလေးတစ်ခုကို သင်ခန်းစာယူ ပြုပြင်နိုင်တယ် ဆိုတာလည်း ပါရမီအခံကြောင့်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ ယူစရာ သင်ခန်းစာတွေ အများကြီးရှိနေလျက်နဲ့၊ ကြုံတွေ့ကြရလျက်နဲ့ မေ့မေ့ပျောက်ပျောက် သတိ ကင်းလွတ်နေတတ်ကြတဲ့ သဘာဝက ကြီးစိုးနေပါတယ်။ ဒါကြောင့်လည်း လူကောင်းလူတော်၊ လူတော်လူမကောင်း၊ လူမတော်လူကောင်း၊ မတော်မကောင်းတွေအဖြစ် ကွဲပြားနေကြတာပါ။

အဆိုပါ အကြောင်းအရာလေးကို ဖတ်ရှုခွင့်သိရှိရတဲ့အခိုက် လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ဝန်းကျင် လောက်က ကျွန်တော့်ဖခင်ကြီး ကျွန်တော့်ထံရေးပို့တဲ့စာမှာပါတဲ့ ထောက်ပြချက်လေးကို သတိရမိသွားပါတယ်။

"သားရေ မင်းတို့လူငယ်တွေကြိုးစားပါကွာ၊ ဒို့ဘ၀တွေက ထုံးစိမ်ပြီးသားဘဲဥတွေပါ။ ဘယ်ကြက်မ ရင်ခွင်အောက်ရောက်ရောက် အကောင်မပေါက်တော့ပါဘူး" တဲ့။

အားပေးစကား၊ မိမိရဲ့ ဘ၀တိုးတက်နှုန်းလျော့ကျနေပေမယ့် ချစ်သောသားအပေါ် အရှိန်အဟုန် မြှင့်တင်စေလိုတဲ့သဘော၊ ခေတ်တစ်ခေတ်ကနေ နောက်တစ်ခေတ်ကို လက်ဆင့်ကမ်းခြင်း၊ မိမိ ကိုယ်ကို တွက်ချက်ပြီး

သား ......စတဲ့အရာတွေမြင်လိုက်ရပါတယ်။

ကျွန်တော့်ဖခင်ဟာ ဘယ်သောအခါကမှ အားငယ်စိတ်ပျော့တတ်တဲ့လူမျိုးမဟုတ်ပါဘူး။ ခုချိန်ထိလည်း အလုပ်လုပ်နေဆဲပါ။ ကိုယ့်ကိုယ်ကို ဆေးဘဲဥနဲ့ နှိုင်းယှဉ်လိုက်တာက အားငယ်သွားတာမဟုတ်ပါဘူး။ ဘ၀ပေးအတိုင်းအတာတစ်ခုထိသာ ကြိုးပမ်းခွင့်ရှိတော့မယ်ဆို တဲ့ အမှန်တရားကို လက်သင့်ခံလိုက်လို့ပါပဲ။ ဒါပေမယ့် ထုံးစိမ်ဆေးဘဲဥက ဘယ်သောအခါမှ ပုတ်မသွားနိုင်တာကို ကျွန်တော့်မျက်မြင်ပါ။

ကြက်ဥ (သို့) ဘဲဥတွေသည် ပုတ်သိုးနိုင်သော်လည်း ဆေးဘဲဥသည် မည်သည့်အခါမှ ပုတ်သိုးခြင်းမရှိနိုင်ပါ။

ဝန်ထမ်းတစ်ဦးဆိုပါစို့။ ပညာအရည်အချင်းအရသော်လည်းကောင်း၊ အခြားကန့်သတ်ချက်များအရ သော်လည်းကောင်း၊ အရာရှိမဖြစ်ခြင်း (သို့မဟုတ်) ရာထူးမတက်တော့ခြင်းတို့နဲ့ ကြုံတွေ့ နေရသူတွေအဖို့ စိတ်ပျက်လက်ပျက်နဲ့ ရေစုန်မျောမသွားသင့်ပါဘူး။ စိတ်ဆင်းရဲနေလို့မရပါဘူး။ ကျရာတာဝန်ကို ပိုမိုကျေပွန်စွာ ကြိုးပမ်းခြင်းဖြင့် တန်ဘိုးရှိခြင်းဂုဏ်ကို ရေရှည်ထိန်းသိမ်းရပါမယ်။ ကိုယ့်အတွက်သာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်သားသမီး၊ ကိုယ့်နိုင်ငံအတွက် တန်ဘိုးရှိသော၊ ဂုဏ်သိက္ခာတည်တံ့သော ဆေးဘဲဥဘ၀နဲ့ ရင်ကော့နေသင့်ပါတယ်။

နောက်တစ်ခု မူဝါဒအရ ခန့်အပ်တဲ့ အခြေအနေတစ်ရပ်ပါ။ အသစ်ခန့်အပ်ခံရသူက ရာထူး ပိုကြီးနေမယ်။ နဂိုရှိပြီးသားက နှစ်တမ်းသာကြာနေတယ်။ ဒီရာထူးက ဒီရာထူးပဲ။ အဲဒီမှာ ခံစားချက်တွေအမြစ်တွယ်လာကြတယ်။ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ နှစ်တွေကို တွက်ချက်ရင်း မကျေနပ်မှုတွေ ဖြစ်လာကြတယ်။ ဒါလည်း လူ့သဘောသဘာဝပါပဲ။

တစ်ဘက်ကကြည့်မယ်ဆိုပြန်ရင်တော့ ........... ဖန်တီးယူခြင်းဆိုတာထက်သာလွန်တဲ့ တာဝန်ပေးအပ်ခံရမှုမျိုး၊ ပေးဆပ်ခဲ့ရမှုအတွက် အသိအမှတ်ပြန်ပြုခံရတာမျိုးတွေအပါအ၀င် ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းရောက်ရှိခဲ့ကြပါတယ်။ ကိုယ့်အတွက် သူစိမ်းပြင်ပြင်ဘာသာရပ်တွေကို အချိန်တိုအတွင်း အသားကျအောင် ကြိုးစားရပါတယ်။ အလုပ်အသစ်မှာ ခွန်အားအပြည့်နဲ့ ၀န်ထမ်းနေသူတွေအတွက် အမြင်မကြည်လင်ခံရမှုတွေက စိတ်မကောင်းစရာဖြစ်ရပါတယ်။

အဟောင်းထဲမှာ မကောင်းတာရှိသလို အသစ်ထဲမှာလည်း ညစ်တာတွေရှိတတ်ပါတယ်။ အဟောင်းတွေလည်းကောင်း အသစ်တွေလည်းကောင်းတယ်ဆိုဦးတော့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ မူဘောင်တွေကလည်း ကူပံ့ကောင်းမွန်ဖို့ လိုနေပါဦးမယ်။

ခေတ်ဟောင်းအတွေးတွေထဲမှာ သံသရာလည်နေကြသူတွေအဖို့၊ ငွေဆိုတာမျိုး၊ အကြံအဖန် ဆိုတာမျိုးကိုသာ စိတ်ကူးပုံဖော်နေသူတွေအဖို့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ကြားမှာဖြစ်ဖြစ် ရိုးရှင်းစွာ ရှင်သန်နိုင်ခြင်းကင်းနေဦးမှာပါပဲ။ အဆင်မပြေချိန်တိုင်းမှာ ညစ်တွန်းအတွေးတွေပဲ ၀င်နေဦးမှာပါ။ ကိုယ့်ကိုယ်ကို ပုတ်လို့ပုတ်မှန်းမသိတဲ့ အသစ်တွေ၊ အဟောင်းတွေ အများကြီးပါပဲ။

ဒါ့အပြင် သာမန်ပြည်သူတစ်ယောက်။ စားဝတ်နေရေးကျပ်တည်းခြင်းအပါအ၀င် မည်သို့သော အဆင်မပြေမှုတွေရှိနေစေဦးတော့ အခြေခံလိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းကိုမှ ကျော်လွန်ဖောက်ဖျက်နေရင် .....ဒါလည်း ကြက်ဥပုတ်ပါပဲ။ ခက်ခဲလှတဲ့ဘ၀ကြောင့်တော့ အပုတ်မခံစေသင့်ပါ။ အကောင်မဖြစ်တောင် ရေရှည်ခံ၊ တန်ဘိုးရှိ ဆေးဘဲဥလောက်တော့ တည်ဆောက်သင့်ပါတယ်။

အခွင့်အရေး၊ အခွင့်အလမ်း၊ လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်မှုတွေ ရင်ဝယ်ပိုက်ထားကြသူများကလည်း လတ်ဆတ်တဲ့ ကြက်ဥလေးတွေဖြစ်အောင်၊ အကောင်လေးတွေပေါက်လာအောင်၊ ပုတ်အက်အက် အနံ့ထွက်လာခဲ့ရင် ဆေးဘဲဥဘ၀လေး ပြောင်းပေးနိုင်အောင် ပံ့ပိုးပေးကြရမှာပါ။ ကိုယ့်ဘ၀ တစ်သက်တာလုံး အခွင့်အရေးတွေကြားမှာပဲ ယစ်မူးနေရင်တော့ သူလည်း ရွှေကွပ်ထားတဲ့ ကြက်ဥပုတ်။

ဒီတော့ မပုတ်မသိုးသော ကြက်ဥများအနေနဲ့ အတောင်အလက်စုံလင် အကောင်ပေါက်အောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ ဆေးဘဲဥဆိုစေဦးတော့ မည်သည့်အချိန်တွင်မှ မပုတ်သိုးနိုင်ခြင်း ဂုဏ်ဒြပ်ကို ထိန်းသိမ်းထားသင့်ကြောင်း တင်ပြရပါသည်။

မေတ္တာမွန်ဖြင့်

1 November 2013
ကဖိုးသီ

No comments:

Post a Comment